မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါဝင်ရန် ပုံစံ (၃-က) ဖြင့်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 09, 2020


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၆၆/ ၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက် )

မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါဝင်ရန် ပုံစံ (၃-က) ဖြင့်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း

၁။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ၏ နည်းဥပဒေ ၁၀ ပါ ပြဋ္ဌာန်းချက်များအရ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရေး အတွက် မဲစာရင်းတွင်ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည် -

(က) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်ကိုလည်းကောင်း၊ အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာလုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ကိုယ်စားလှယ်၏ ထောက်ခံချက်ကိုလည်းကောင်း၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်း၌ မိမိတို့၏ အမည်ကို ထည့်သွင်းပေးပါရန် ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီရက်ပေါင်း ၃၀ ထက်နောက်မကျစေဘဲ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-က)ဖြင့် လျှောက်ထားရမည်။ ထိုသို့လျှောက်ထားရာ၌ တောင်းဆိုသူ တင်ပြရမည့် အထောက်အထားနေရာတွင် တောင်းဆိုသူ တင်ပြလိုသည့် စာရွက်စာတမ်းများ၊ သက်သေအထောက် အထားများနှင့်အတူ မိမိတို့၏ အမြဲတမ်းနေရပ်တွင် ပါဝင်သည့် မဲစာရင်းအမှတ်စဉ်ကို ဖြည့်သွင်းတင်ပြရန် ဖြစ်ပါသည်။

(ခ) အပိုဒ်ခွဲ (က) အရ လျှောက်ထားသည့်အခါ ယင်းတို့သည် မဲဆန္ဒရှင်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ကိုက်ညီပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်၍ မဲစာရင်းတွင် အမည်ထည့်သွင်းပေးမည်ဖြစ်သည်။

(ဂ) ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် အပိုဒ်ခွဲ (ခ) အရ မဲစာရင်းတွင် အမည်ထည့်သွင်းခံရသူ၏ အမည်ကို အမြဲတမ်းနေရပ်၏ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် မိမိ၏ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကလည်း ထိုတင်ပြချက်ကို လိုအပ်သလိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ နေရင်းဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-ခ) သုံးစောင်ဖြင့် အမြန်ဆုံး ဆက်လက်အကြောင်းကြားသွားမည် ဖြစ်သည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည်ဖြစ်၍ အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒ နယ်ပြင်ပရောက်မဲဆန္ဒရှင်များသည် ၁၇-၉-၂၀၂၀ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-က) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထား နိုင်သည့် နောက်ဆုံးနေ့ရက်မှာ ၁၀-၁၀-၂၀၂၀ ရက်နေ့ ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

(လှသိန်း)

ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်