၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကျား/မ စုစုပေါင်း ၂၅၅ ဦးတို့အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းထုတ်ပြန်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 11, 2023
image


နေပြည်တော် စက်တင်ဘာ ၁၁

အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာပါ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကျား ၈၀၅ ဦး၊ မ ၂၅၄ ဦး၊ စုစုပေါင်း ၁,၀၅၉ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားပါသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံး၊ အထူးစီးပွားရေးဇုန်ရုံး (၃) ရုံးဖွင့်လှစ်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့်အညီ အလုပ်သမားရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ၅ ဦးနှင့် အထက်ရှိသော သမဝါယမ၊ ဖက်စပ်နှင့်ပုဂ္ဂလိကလုပ်ငန်းများထံမှ အမှာစာများ လက်ခံခြင်းအမှာစာအရ သင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများအား စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ်ထားသူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေးကတ်ပြား (အလလခ ပုံစံ-၇) ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင်ထားသော အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းများတွင် ကျား (၂၅) ဦး၊ မ (-)ဦး၊ စုစုပေါင်း (၂၅) ဦးတို့အား သင်တန်းအမျိုးအစားအလိုက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းများပို့ချခဲ့ပြီး ကျား ၁၅၁ ဦး၊ မ ၁၀၄ ဦး၊ စုစုပေါင်း ၂၅၅ ဦးတို့အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

နေမျိုးအောင် (နေပြည်တော်)