၂၀၁၉ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2019) ထပ်မံခေါ်ယူခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 19, 2019


၁။ (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် အာဆီယံဆုကို ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ အပြီးသတ် ရွေးချယ်သည့် ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်အရ ဆုနှင့်ထိုက်တန်သူ မရှိပါသောကြောင့် ၂၀၁၉ ခုနှစ် အာဆီယံဆုကို ပေးအပ်ချီးမြှင့်ရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အဆိုပြုလွှာများ ထပ်မံခေါ်ယူ လျက်ရှိပါသည်။

၂။ အာဆီယံဆုအတွက် အဆိုပြုသူများသည် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အကျိုးပြုသူများဖြစ်ရပါမည် -
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိသာထင်ရှားသည့် ပူးပေါင်း ဆောင်ရွက်မှုများ
- အာဆီယံနှင့် က္ဘာတစ်ဝန်းအကြား သိသာထင်ရှားသည့် ပူးပေါင်း ဆောင်ရွက်မှုများ
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိသာထင်ရှားသည့် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှုများ
- အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် သိသာ ထင်ရှားသည့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ
- အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ

၃။ အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကို လက်ရှိအာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း များပါဝင် သည့် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံ ဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့် သွားမည် ဖြစ်ပါသည်။ ယင်းဆုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် (၃၅) ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

၄။ အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်း ကမ်းကိုအခြေခံပြီး ပြည်သူကိုဦးတည်၍ ပြည်သူကို ဗဟိုပြုသော အာဆီယံ အသိုက်အဝန်းထူထောင်ခြင်းနှင့် အာဆီယံဒေသ တွင်း ပူးပေါင်း ဆောင်ရွက်မှုများတွင် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက် အဝန်း စတင်ထူထောင်ချိန်မှစ၍ အထောက်အကူ ပြုခဲ့သည့် လျှောက်ထားမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ အောင်မြင်မှုများကို စာမျက်နှာ ၃ မျက်နှာမှ ၅ မျက်နှာအကြား (အင်္ဂလိပ်ဘာသာဖြင့်) အကျဉ်းချုပ်ရေးသား ဖော်ပြရမည်ဖြစ်ပါသည်။

၅။ လျှောက်ထားရမည့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ် ရုံး၏ အင်တာနက်စာမျက်နှာ http://www.asean.org/asean-prize တွင် ရယူ၍ အာဆီယံရေးရာဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော်(သို့မဟုတ်) dgasean@gmail.com နှင့် psaseanmmr@gmail.com သို့ ၆-၉-၂၀၁၉ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အသေးစိတ် အချက်အလက်များကိုလည်း ဖော်ပြပါ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှု နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန