ပဉ္စမအကြိမ် မြန်မာ-အီးယူလူ့အခွင့်အရေး ဆွေးနွေးပွဲကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / June 15, 2019


(၁၄-၆-၂၀၁၉ ရက်၊ နေပြည်တော်)

ပဉ္စမအကြိမ်မြောက် မြန်မာ-ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသည် ဥရောပသမဂ္ဂက Everything But Arms (EBA) အစီအစဉ်အောက်မှ မြန်မာနိုင်ငံအား ပေးအပ်ထားသော ကုန်သွယ်မှုအခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများနှင့်ဆက်စပ်လျက် ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှု၊ လူသားချင်းစာနာမှုအကူအညီများ ဝင်ရောက်ပေးအပ်ခွင့်အပါအဝင် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များရှိ အခြေအနေများ၊ အခြေခံအခွင့် အရေးများနှင့် လွတ်လပ်ခွင့်၊ နေရပ်စွန့်ခွာသူများအတွက် လိုအပ်ချက်များ၊ စီးပွားရေးနှင့် လူမှုအခွင့်အရေး၊ ရွှေ့ပြောင်းသွားလာမှုနှင့် နိုင်ငံတကာမျက်နှာစာတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်သွားရေး အပါအဝင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြပါသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် အသိုက်အဝန်းအားလုံးပါဝင်သော လူမှု-စီးပွားဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များအပေါ် ခိုင်မာစွာ ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနှင့် ဥရောပသမဂ္ဂတို့သည် နှစ်ဦးနှစ်ဖက် လက်ခံထားသည့် စံသတ်မှတ်ချက်များနှင့် သက်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအပေါ် အခြေခံ၍ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သောအုပ်ချုပ်မှုကို တိုးမြှင့်သွားရန် အတည်ပြုခဲ့ကြပါသည်။

လူ့အခွင့်အရေးဆွေးနွေးပွဲသည် လူ့အခွင့်အရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာနှင့် အတွေ့အကြုံများကို ဖလှယ်နိုင်မည့် အရေးပါသော လမ်းစဉ်တစ်ရပ်ဖြစ်ကြောင်း နှစ်ဖက်လုံးမှ သဘောတူညီခဲ့ပါသည်။ သို့ဖြစ်ရာ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့် အမုန်းစကား တားဆီးရေးတို့အပေါ် အကျိုးသက်ရောက်နိုင်မည့် တည်ဆဲဥပဒေနှင့် ဥပဒေမူကြမ်းတို့နှင့်ပတ်သက်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအလားအလာအပေါ် သဘောတူခဲ့ကြပါသည်။

နိုင်ငံတကာ လူ့အခွင့်အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(ICCPR)နှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်း၍ ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်(CRC-OPAC)တို့ကို လက်မှတ်ရေးထိုးရေးနှင့် အတည်ပြုပါဝင်ရေး ကြိုတင်ပြင်ဆင်ရန်နှင့် ကလေးသူငယ်အခွင့်အရေးဥပဒေသစ်ကို လက်တွေ့ကျင့်သုံးနိုင်မည့် သက်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ပြဋ္ဌာန်းမှုနှင့်ဆက်စပ်၍ အနိမ့်ဆုံးအသက် သတ်မှတ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်(ILO Convention 138)အား အတည်ပြုပါဝင်ရန် မြန်မာနိုင်ငံအစိုးရ၏ ရည်မှန်းချက်ကို ဥရောပသမဂ္ဂက ကြိုဆိုပါသည်။ ဥရောပသမဂ္ဂက မြန်မာအစိုးရအား ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့် ပေးအပ်ထားသည်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။

ဥရောပသမဂ္ဂ၏ Everything But Arms (EBA) အစီအစဉ်အောက်မှ စေ့စပ်ညှိနှိုင်းမှုများ အပါအဝင် ထိတွေ့ဆွေးနွေးမှုများကို ဆက်လက်ကျင်းပသွားရန် သဘောတူခဲ့ကြပါသည်။ ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ဥရောပသမဂ္ဂလူ့အခွင့်အရေးဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘရပ်ဆဲလ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။