ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၏ ပြောကြားမှုအပေါ် တုံ့ပြန်ပြောကြားခဲ့မှု
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၏ ပြောကြားမှုအပေါ် တုံ့ပြန်ပြောကြားခဲ့မှု
နိုင်ငံခြားရေးဝန်ကြီးဌာန/ location / October 26, 2018
(၂၄-၁၀-၂၀၁၈ ရက်၊ နယူးယောက်မြို့)
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၉)နိုင်ငံ (ကုတ်ဒီဗွား၊ ပြင်သစ်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ၏ မေတ္တာရပ်ခံချက်အရ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ မစ္စတာ မာဇူကီး ဒါရုစ်မန်၏ ရှင်းလင်းပြောကြားစေရန် အစည်းအဝေးတစ်ရပ်ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည်။
ရှေးဉီးစွာ အဆိုပါ ရှင်းလင်းပွဲကျင်းပမည့်ကိစ္စအပေါ် ဘိုလီးဗီးယား၊ တရုတ်၊ အီကွေတိုရီရယ် ဂီနီနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့က လုံခြုံရေးကောင်စီဥက္ကဋ္ဌထံသို့ ကန့်ကွက်စာပေးပို့ခဲ့ခြင်းကြောင့်၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ရာ ထောက်ခံမဲ(၉)မဲ၊ ကန့်ကွက်မဲ(၃)မဲနှင့် ကြားနေမဲ (၃)မဲတို့ဖြင့် ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းသို့ကျင်းပရာတွင် သက်ဆိုင်ရာနိုင်ငံများဖြစ်သော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့လည်း တက်ရောက်ခဲ့ကြပြီး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တက်ရောက်၍ တုံ့ပြန်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
သဘာပတိကြီးခင်ဗျား၊
ယနေ့ အောက်တိုဘာလ ၂၄ ရက်သည် ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်တည်ထောင်သည့် (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း အခမ်းအနား တစ်ရပ်ကျင်းပခြင်း၊ ကုလသမဂ္ဂ၏လုပ်ငန်းကို အများပြည်သူက ပိုမို သိနားလည်စေရန် လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ကုလသမဂ္ဂနေ့ကို ဂုဏ်ပြုကျင်းပလျက်ရှိကြောင်း၊ ကုလသမဂ္ဂနေ့သည် ဂုဏ်ယူ တန်ဖိုးထားရန်နှင့် အတိတ်ကို အမှတ်ရစေရန် ဆင်နွှဲကျင်းပသည့် နေ့ရက်တစ်ရက်ဖြစ်သကဲ့သို့ ကုလသမဂ္ဂအဖွဲ့ကြီးကို စတင် တည်ထောင်သူများက ကျွန်ုပ်တို့အပေါ် ယုံကြည်အပ်နှံခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးတို့ကို တည်ဆောက်ရန် တာဝန်ဝတ္တရားများကို မြင့်မြတ်စွာ ထပ်လောင်း သန္နိဋ္ဌာန်ပြုကြရန် နေ့ရက်တစ်ရက်လည်း ဖြစ်ကြောင်း၊
သို့ရာတွင် ယနေ့အစည်းအဝေး၌ ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်နှင့် အခြေခံမူများ၊ လုံခြုံရေးကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများနှင့် လူသားအသိတရား၏ ကြောင်းကျိုး ဆီလျော်မှုနှင့် မျှတမှုတို့ကို ပေါ်ပေါ်တင်တင် ဖီဆန်နေကြသည်ကို တွေ့ရသည်မှာ အလွန် စိတ်မချမ်းမြေ့ ဖွယ်ဖြစ်ကြောင်း၊
လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအချို့က ကိုယ်ပိုင်နိုင်ငံရေး ရည်ရွယ်ချက်အတွက် လူ့အခွင့်အရေးကိစ္စကို အပိုင်စီးရန် ပြောင်ပြောင် တင်းတင်း ကြိုးပမ်းမှုများကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် တည်ကြည်ခိုင်မာမှု လျော့ပါးလာသည်ကို တွေ့မြင်နေရ ကြောင်း၊
လုံခြုံရေးကောင်စီ၏ အစဉ်အလာ လုပ်ထုံးလုပ်နည်းများကို အလွဲသုံးစားပြုသည့် ဤမတရားသောလုပ်ဆောင်မှုကို ကောင်စီ၏ အခြားအဖွဲ့ဝင်များနည်းတူ မြန်မာကိုယ်စားလှယ်အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊
သဘာပတိကြီးခင်ဗျား၊
လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ကို ၂၀၁၇ခုနှစ်၊ မတ်လတွင် တည်ထောင်စဉ်ကတည်းက အထူးသဖြင့် ယင်းထူထောင်မှုနှင့် လုပ်ပိုင်ခွင့်တို့အပေါ် အထူးစိုးရိမ်မှုများကြောင့် ကန့်ကွက်ခဲ့ပါကြောင်း၊ လူအခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၃၄/၂၂ အရ၊ “မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များ၏ မကြာသေးမီက လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ကျူးလွန်မှုများ စွပ်စွဲချက်များနှင့်ပတ်သက်၍ ကျူးလွန်သူများကို အပြည့်အဝ တာဝန်ယူမှုရှိစေရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားနည်းလမ်းတကျ ဖြစ်စေရန် အခြေအနေနှင့် အချက်အလက်များကို စုဆောင်းရေးအတွက် ဖွဲ့စည်းထူထောင်ရန်” ဟု လုပ်ပိုင်ခွင့်ပေးထားကြောင်း၊
အဆိုပါလုပ်ပိုင်ခွင့်တွင် မည်သူက ကျူးလွန်သူ၊ မည်သူက ဒုက္ခရောက်သူများဟု ထင်ရှားစွာ သတ်မှတ်ထားပြီးသကဲ့သို့ ဖြစ်ကြောင်း၊ FFM တည်ထောင်မှုတွင် အားနည်းချက်များ၊ ဘက်လိုက်မှုများ ပါဝင်နေပြီး၊ မူလကတည်းကပင် နိုင်ငံရေးအရ တွန်းအားပေးမှု ရှိနေကြောင်း၊
ခိုင်လုံမှုမရှိသော ပြောဆိုဖြေကြားချက်များအပေါ်တွင်သာ အခြေခံထားသည့် အစီရင်ခံစာသည် လက်ရှိတင်းမာမှုများကို ဆက်လက်တိုးပွားစေမည်သာမက၊ လူမှုအသိုက်အဝန်းအကြား သဟဇာတဖြစ်စေရေးအတွက် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကိုလည်း နှောင့်နှေးစေမည် ဖြစ်ကြောင်း၊ ဤမစ်ရှင်၏ တစ်ဖက်သတ်အစီရင်ခံစာက မိမိတို့ကို စိုးရိမ်မှုကို အတည်ပြုခဲ့ကြောင်း၊
ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်တွင် ကျင်းပသော လုံခြုံရေးကောင်စီအစည်းအဝေး၌ FFM၏ ရိုးသားဖြူစင်မှုအပေါ် မိမိတို့ သံသယဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်း၊ FFM သည် ၎င်း၏ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီ၌ စက်တင်ဘာလ ၁၈ ရက်တွင် တင်ပြရန်သာဖြစ်သော်လည်း၊ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တံခါးဖွင့်ဆွေးနွေးပွဲကျင်းပမည့် ရက်မတိုင်မီ တစ်ရက်အလိုဖြစ်သော သြဂုတ်လ ၂၇ ရက်တွင် ယင်း၏ မတည်းဖြတ်ရသေးသည့် အစီရင်ခံစာကို ကတိုက်ကရိုက် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်မှာ FFM ၏ ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနှင့် သိက္ခာရှိမှုတို့အပေါ် စိုးရိမ်ရမည့် အခြေအနေကို ဖြစ်စေခဲ့ကြောင်း၊
FFM ၏ စုံစမ်းစစ်ဆေးမှု နည်းလမ်းသည်လည်း အားနည်းချက်များစွာရှိကြောင်း၊ ကော့ဇ်ဘာဇားရှိ နေရပ်စွန့်ခွာသူများကို ရွေးချယ်၍ မေးမြန်းခြင်း၊ ယင်းအရေးကိစ္စပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် NGO များ၊ INGO များနှင့် လူ့အခွင့် အရေး အုပ်စုများထံမှ အချက်အလက်များကို ရယူခြင်းဖြင့် အစီရင်ခံစာကို ပြုစုထားသည့်အတွက် တာဝန်ခံမှုမရှိသည့် လူ့အခွင့်အရေး အုပ်စုအချို့၏ အစီရင်ခံစာပါ အချက်များနှင့် ထပ်တူကျနေသည်ကို တွေ့ရကြောင်း၊
သဘာပတိကြီးခင်ဗျား၊
ရခိုင်ပြည်နယ်၏ လက်ရှိလူသားချင်းစာနာမှု အရေးကိစ္စသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အာဆာအကြမ်းဖက်အုပ်စုက ရဲကင်းစခန်း (၃၀)နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းကို အစိုးရက အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သော်လည်း FFM အနေဖြင့် အာဆာ၏ ရက်စက် ကြမ်းကြုတ်မှုများကို ပေါ်ပေါ်တင်တင် ထည့်သွင်း မစဉ်းစားသည်ကို အံ့သြမိကြောင်းနှင့် မူဆလင် အကြမ်းဖက်များကို အကာအကွယ် ပေးသည့် သဘောပင်ဆောင်နေကြောင်း၊
အာဆာအကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဟိန္ဒူရွာသားတစ်ရာခန့်အပါအဝင် ရာပေါင်းများစွာသော အပြစ်မဲ့ ပြည်သူများ၊ အခြားလူမျိုးစုများနှင့် အစိုးရကို ထောက်ခံသည့် မူဆလင်များကို သတ်ဖြတ်ခဲ့သည့်အတွက် ထောင်နှင့်ချီသော အပြစ်မဲ့ ပြည်သူများမှာ ရခိုင်ပြည်နယ်ရှိ အခြားဒေသများသို့ ထွက်ပြေးခဲ့ရကြောင်း၊ အလားတူ မူဆလင်ထောင်ပေါင်းများစွာသည်လည်း တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ယင်းပဋိပက္ခသည် မူဆလင် အသိုက်အဝန်းတစ်ခုတည်းကိုသာ ထိခိုက်ခြင်း မဟုတ်သည်ကို သဘောပေါက်ကြရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ကိစ္စဆိုပါက အသိုက်အဝန်းနှစ်ခုလုံး၏ လူ့အခွင့်အရေးကို ကြည့်ရန်လိုအပ်ကြောင်း၊
ထို့ပြင် FFM အနေဖြင့် အာဆာ၏ ရက်စက် ကြမ်းကြုတ်မှုများကို သိသာထင်ရှားစွာ တမင် လျော့လျော့ပေါ့ပေါ့ ဖော်ပြထားသည့်အတွက် စိတ်ပျက်မိကြောင်း၊ ဤလုပ်ရပ်မှာ အများအမြင်တွင် မူဆလင် အစွန်းရောက်အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို အကာအကွယ်ပေး အသိအမှတ်ပြုသည့် သဘောပင်ဆောင်နေကြောင်း၊
အစီရင်ခံစာ၏ စာမျက်နှာ ၁၁ တွင် အာဆာအကြမ်းဖက်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို တွန့်ဆုတ်စွာဖြင့် ထည့်သွင်းထားသည်ကို တွေ့ရကြောင်း၊ စာပိုဒ် ၅၄ တွင် ခမောင်းဆိပ်၌ ဟိန္ဒူဘာသာဝင် (၁၀၀) ဦးခန့်ကို သတ်ဖြတ်ခြင်းအပါအဝင် အာဆာ အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ‘FFM အဖွဲ့၏ ကနဦးရရှိသည့် အချက်အလက်များအရ ဒုတိယအဖြစ်အပျက် (ဟိန္ဒူများ သတ်ဖြတ်ခံရမှုကို ဆိုလိုသည်) ကို အတည်ပြုကြောင်း၊ သို့သော် ကျူးလွန်သူ အဖြေမပေါ်ကြောင်းနှင့် ယင်းဒေသ၌ အခြားရန်လိုသူများ သို့မဟုတ် ပြစ်မှုကျူးလွန်သူအုပ်စုများလည်း ရှိခဲ့သည့်အတွက် ၎င်းတို့ကျူးလွန်ခြင်းလည်း ဖြစ်နိုင်သည်’ ဟု ဖော်ပြထားသည်မှာ လွန်စွာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း၊
သဘာပတိကြီးခင်ဗျား၊
တာဝန်ခံမှုနှင့်ပတ်သက်၍ များစွာပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အားလုံး သိရှိကြပြီး ဖြစ်သည့်အတိုင်း မြန်မာအစိုးရက လွတ်လပ်သော စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ ကြောင်း၊ ကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတို့တွင် ရခိုင်ပြည်နယ်၌ အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တာဝန်ခံမှုနှင့် ပြန်လည်သင့်မြတ်မှုတို့ရှိစေရေးအတွက် လူအခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များနှင့် ယင်းနှင့်ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး၊ အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းမည်ဖြစ်ကြောင်း၊
မြန်မာအစိုးရအနေဖြင့် လုံလောက်သည့် သက်သေအထောက်အထားရှိပါက မည်သည့် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်ကိုမဆို တာဝန်ခံမှုရှိစေရန် ဆန္ဒရှိသလို ဆောင်ရွက်နိုင် သည့်အနေအထားလည်းဖြစ်ပါကြောင်း၊
မစ္စတာ မာဇူကီးက မြန်မာနိုင်ငံသည် လူ့အခွင့်ရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များပေါ် အရေးယူ ဆောင်ရွက်ခြင်းမရှိဟု ပြောကြားခဲ့ကြောင်း၊ အမှန်အားဖြင့် အင်းဒင်ဖြစ်စဉ်အပြီးတွင် လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် တပ်မတော်နှင့် ရဲဝန်ထမ်းများ အရပ်သားများကို ဥပဒေကြောင်းအရ အရေးယူထားပြီးဖြစ်ကြောင်း၊
သဘာပတိကြီးခင်ဗျား၊
ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်တိုက်ဖျက်မှု လုပ်ငန်းများမှာ ‘လူမျိုးသုဉ်း သတ်ဖြတ်ရန်ရည်ရွယ်သည်’ဟု ကောက်ချက်ချသည့်အပေါ် မြန်မာ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြတ်သားစွာ ငြင်းဆိုကြောင်း၊ ဥပဒေကြောင်းအရ ခိုင်မာစွာ သက်သေမပြနိုင်သည့် စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အခြေအနေများအပေါ် မူတည်၍ ကောက်ချက်ချ ထားခြင်းသာဖြစ်ကြောင်း၊
အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး(ICC)၏ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် ချမှတ်ခဲ့သော ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်သည့် စီရင်ချက်ကို မြန်မာ အစိုးရက ပြတ်သားစွာ ပယ်ချခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ရောမသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် ယင်းတရားရုံးအနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့မျှ တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊
ICC သို့ လွှဲပြောင်းရန် မည်သည့်တောင်းဆိုမှုကို မဆို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်းကို ပြတ်သားစွာ ပြောကြားလိုကြောင်း၊
မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်ခံမှုနှင့်ပတ်သက်၍ စိတ်အားထက်သန်မှုနှင့် စွမ်းဆောင်နိုင်မှု ကို ပြသခဲ့ပြီးဖြစ်ကြောင်း၊
အခြားအပြုသဘောဆောင်သည့် ဖြစ်ပေါ် တိုးတက်မှုများကို ထည့်သွင်းမစဉ်းစားဘဲ တာဝန်ခံမှုကိုသာ ရှေ့တန်းတင်နေခြင်းသည် ဆိုးရွားသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို မသိကျိုးကျွန်ပြုကာ တစ်ဖက်သတ် အတင်းအကြပ် အရေးယူဆောင်ရွက်မှုများနှင့် နိုင်ငံရေးအရ ပြင်ပဖိအားပေးမှု များသည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အဝန်းအကြား တည်ရှိသည့် ကောင်းမွန်သော စိတ်ဆန္ဒနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက် စေလိမ့်မည်ဖြစ်ကြောင်း၊
ရခိုင်ပြည်နယ်၏ အခြေအနေမှာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မည်သည့်နည်းနှင့်မျှ ခြိမ်းခြောက်ခြင်းမရှိပါကြောင်း၊ ယင်းစွပ်စွဲချက်မှာ ယထာဘူတမကျသလို၊ အခြေအမြစ်လည်း မရှိကြောင်း၊ ယခုအစီရင်ခံစာမှာ ကြိုတင်စီမံဆုံးဖြတ်ထားသည့် အပြုသဘော မဆောင်သည့် အစီရင်ခံစာ ဖြစ်ကြောင်း၊
သဘာပတိကြီးခင်ဗျား၊
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ကုလသမဂ္ဂနေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ကုလသမဂ္ဂအဖွဲ့ကြီး၏ တန်ဖိုးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သဟဇာတဖြစ်ရေးတို့ကို မြှင့်တင်ရန်နှင့် ထိခိုက်နစ်နာမှုများနှင့် ရန်လိုမှုများကို လျှော့ချရန်အတွက် အဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ရရှိထားသည့် လုပ်ပိုင်ခွင့်များကို မည်သို့ အသုံးပြုသွားကြမည့်အပေါ် မူတည်ကြောင်းကို သတိပေးခဲ့ကြောင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်း၊ သမာသမတ်ကျခြင်း၊ ပညာရှင်ပီသခြင်း၊ အချုပ်အခြာအာဏာကို လေးစားလိုက်နာခြင်းတို့သည် ကုလသမဂ္ဂအဖွဲ့ကြီး လုပ်ငန်းအောင်မြင်ရေးအတွက် အဓိက သော့ချက်များဖြစ်ကြောင်း၊
မြန်မာနိုင်ငံသည် ခိုင်မာသောဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် အလွန်အရေးကြီးသည့် အခြေအနေ၌သာ ရှိနေသေးသည်ကို သတိပေးလိုကြောင်း၊ “မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ပြုပြင် ပြောင်းလဲရေးတွင် အထောက်အကူပြုနိုင်လိမ့်မည်မဟုတ်” ဟု မစ္စတာ မာဇူကီးက ပြောကြားခဲ့ကြောင်း၊ စိတ်ရှည်သည်းခံမှုထားခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုကို အထောက်အကူ ပြုနိုင်လိမ့်မည်မဟုတ်ဟု မစ္စတာ မာဇူကီးက ပြောကြားခဲ့ကြောင်း၊ ယင်းအချက်၏ ဆန့်ကျင်ဘက်သည်သာ မိမိတို့အတွက် မှန်ကန်ကြောင်း၊ ဒီမိုကရေစီကို တော်လှန်ရေးတစ်ရပ်ဖြင့် တည်ဆောက်နေခြင်း မဟုတ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် သဘောတူညီမှုရရှိရေးမှတစ်ဆင့် ငြိမ်းချမ်းသည့်နည်းလမ်းကို ရွေးချယ်ခဲ့ရာ ကြီးမားသည့် စိတ်ရှည်မှုနှင့် နိုင်ငံရေး အမြော်အမြင် လိုအပ်ကြောင်း၊
အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အပြီး သတင်းထုတ်ပြန်ချက်၌ ပြည်တွင်း အဖြေရှာနိုင်ရေးအတွက် ငြိမ်းချမ်းလုပ်ငန်းစဉ်တိုးတက်ဖြစ်ပေါ်ရန်မှာ စိတ်ရှည်မှုနှင့် ယုံကြည်မှု ပိုမို တည်ဆောက်ရေး လိုအပ်ကြောင်းကို ဖော်ပြခဲ့ကြောင်း၊
မိမိတို့အနေဖြင့် ၎င်း၏ ပြောကြားမှုကို အပြည့်အဝ သဘောတူညီကြောင်း၊ စိတ်ရှည်မှုနှင့် ယုံကြည်မှု တည်ဆောက်ခြင်းသည် လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းပြဿနာတစ်ခုလုံးအတွက် ရေရှည်တည်တံ့မည့် အဖြေကို စုပေါင်းရှာဖွေရာတွင် အဓိကသော့ချက်ဖြစ်ကြောင်း၊ ဤနည်းလမ်းသည် မိမိတို့ တစ်မျိုးသားလုံး၏ အန္တိမရည်မှန်းချက် ဖြစ်သော စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြောင်း၊
သဘာပတိကြီးခင်ဗျား၊
နိဂုံးမချုပ်မီ ကုလသမဂ္ဂအဆောက်အဦ၌ ကျင့်ဝတ်သိက္ခာကို အလေးမထားသည့် လုပ်ရပ်တစ်ခုကို အသိပေး ပြောကြားလိုကြောင်း၊ ပြီးခဲ့သည့်နေ့က လူအခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) တို့၏ အစီရင်ခံစာများကို တင်သွင်းသည့် တတိယကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပစဉ် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို အစည်းအဝေး ခန်းမ(၁)၌ ဖြန့်ဝေသည်ကို တွေ့ရှိရကြောင်း၊
ယင်းလုပ်ရပ်ကို လုပ်ဆောင်သူမှာ စည်းမျဉ်း၊ ဥပဒေကို အလေးမထားသည့် အစိုးရအပေါ် မကျေနပ်သူ မဟုတ်သကဲ့သို့ လူ့အခွင့်အရေး လှုပ်ရှားသူလည်း မဟုတ်ကြောင်း၊ ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့အခွင့်အရေးကောင်စီက ခန့်အပ်တာဝန်ပေးထားသော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ ဥက္ကဋ္ဌကြီးသာဖြစ်ကြောင်း၊ ယင်းသို့ သူတော်ကောင်းယောင်ဆောင်မှုများ ကုလသမဂ္ဂအဖွဲ့ကြီးတွင် နေရာရရှိနိုင်သည်မှာ နားမလည်နိုင်အောင် ဖြစ်ရကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂအပေါ် အရှက်ရစေကြောင်း၊
ယင်းလက်ကမ်းစာစောင်များမှာ ကုလသမဂ္ဂအဖွဲ့ဝင်တစ်နိုင်ငံနှင့် ယင်း၏ ခေါင်းဆောင်များကို လုံးဝ စော်ကားခြင်းသာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ဝန်ထမ်းများ၏ ကျင့်ဝတ်ကို ကြီးမားစွာဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုလုပ်ရပ်ကို အပြင်းထန်ဆုံးအတိုင်းအတာဖြင့် ပြစ်တင်ရှုတ်ချပါကြောင်း၊
ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် ခွင့်လွှတ်သည်းခံရေးတို့အတွက် လုပ်ဆောင်နေကြသည့် ကုလသမဂ္ဂ၏ အစည်းအဝေး ခန်းမများအတွင်းသို့ အမုန်းစကားများနှင့် ရန်စမှုများ ချဉ်းနင်းဝင်ရောက်လာနေပြီဖြစ်ကြောင်း၊
လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှုများအတွက် တာဝန်ခံရမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ၌ သင်တို့ပြောကြား ဆောင်ရွက်ခဲ့မှုများကို သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်သူများသာလျှင် မိမိတို့၏ကံကြမ္မာကို ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း။