ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက လူအခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူနှင့် လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) တို့၏အစီရင်ခံစာများအပေါ် တုံ့ပြန်မိန့်ခွန်းပြောကြား


နိုင်ငံခြားရေးဝန်ကြီးဌာန/ location / October 24, 2018


(၂၃-၁၀-၂၀၁၈ ရက်၊ နယူးယောက်မြို့)

နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသော (၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမှု အစီအစဉ် (၂)ရပ်ကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၂၃ ရက် တွင်ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးမှုအစီအစဉ်များတွင် မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီနှင့် နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ (FFM) ဥက္ကဋ္ဌ မစ္စတာ မာဇူကီး ဒါရုစ်မန်တို့က ၄င်းတို့၏အစီရင်ခံစာများအပေါ် အသီးသီး ရှင်းလင်း ပြောကြားခဲ့သည်။

၄င်းတို့၏ ရှင်းလင်းပြောကြားချက်များအပေါ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြန်လည်တုံ့ပြန်သည့် မိန့်ခွန်းများ ပြောကြားခဲ့သည်။

လူအခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ၏ ရှင်းလင်းပြောကြားချက်ကို တုံ့ပြန်ရာတွင် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံချင်း အပေါ် သီးခြားပစ်မှတ်ထားအရေးယူဆောင်ရွက်မှုများသည် လူ့အခွင့်အရေး မြှင့်တင်မှုကိစ္စများကို ဆောင်ရွက်ရာ၌ နိုင်ငံအချို့အား ရွေးထုတ်ဆောင်ရွက်ခြင်းမပြုရေး(Non-selectivity) နှင့် နိုင်ငံရေးအရ အသုံးချမှုမပြုရေး (Non-politicization) စသည့် မူဝါဒများနှင့် သွေဖီနေသည့်အတွက် စွဲမြဲစွာဆန့်ကျင်ခဲ့ကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးမူနှင့်အညီ အထူးအစီရင်ခံစာ တင်သွင်းသူ အဆက်ဆက်နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ အထူးအစီရင်ခံစာတင်သွင်းသူတစ်ဦး၏ မျှတသည့် အစီရင်ခံစာကို တင်သွင်းရန် မိမိတို့အနေဖြင့် အလေးအနက် မျှော်လင့်ခဲ့သော်လည်း ၎င်းအနေဖြင့် အတည် မပြုနိုင်သည့် အချက်အလက်များကို အခြေခံကာ အဆိုးမြင်ပြီး အပြုသဘောမဆောင်သည့် ဝေဖန်စွပ်စွဲချက်များကို ဆက်လက် ပြုလုပ်နေကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို မသိကျိုးကျွန် ပြုထားသည့်အတွက် အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ပြဿနာရပ်များကို ဖြေရှင်းရန် စစ်မှန်သော ဆန္ဒရှိ-မရှိအပေါ် မေးခွန်း ထုတ်လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် မစ္စ ယန်ဟီလီ စတင်တာဝန်ထမ်းဆောင်သည့် ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ် ကာလအတွင်း၊ ဒီဇင်ဘာလအထိ ၎င်း၏ခရီးစဉ်ကို (၆)ကြိမ်တိုင် စီစဉ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ၎င်း၏အခွင့်အာဏာကို ကျော်လွန်အသုံးချခဲ့သည့်အတွက် ၎င်းအပေါ် ပြည်သူများက မကျေမနပ် ဖြစ်ခဲ့ကြကြောင်း၊ သို့အတွက် မိမိတို့အနေဖြင့် ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရပ်ဆိုင်းခဲ့ပြီး၊ အစားထိုးခန့်အပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုသည့်ဆန္ဒကို ပြသသည့်အနေဖြင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် Ms. Christine Schraner Burgener ကို ခန့်အပ်ခဲ့သည့်အပေါ် ကြိုဆိုခဲ့ပြီး၊ နေပြည်တော်၌ ၎င်း၏ရုံး ဖွင့်လှစ်ရန်ကိစ္စကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လမှစ၍ ၎င်းတာဝန်ယူသည့် (၅) လ အတွင်း အောက်တိုဘာလ ၁၀ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်သည့် တတိယ မြောက် ခရီးစဉ်ကို စီစဉ်ပေးခဲ့ ကြောင်း၊ ၎င်း၏ ခရီးစဉ်အပြီး အောက်တိုဘာလ ၂၀ ရက်က ထုတ်ပြန်ချက်တွင် တာဝန်ခံမှုနှင့် အားလုံး ပါဝင်သည့် ဆွေးနွေးမှုတို့ကို မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဓိက မဏ္ဍိုင်(၂)ရပ်အဖြစ် ဖော်ပြခဲ့ကြောင်း၊ ၎င်းက စိတ်ရှည်မှုနှင့် ယုံကြည်မှု တည်ဆောက်မှုတို့ လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်တွင်း၌ပင် ဆက်လက်အဖြေရှာနိုင်ရေးအတွက် အကူအညီ ပေးအပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင် အထူးကိုယ်စားလှယ်၏ ပြောကြားချက်ကို ကြိုဆိုလျက်၊ တိုင်းပြည်တွင် နက်ရှိုင်းစွာအမြစ်တွယ်လျက်ရှိသော ဘက်ပေါင်းစုံမှ ပြဿနာများကို ချက်ချင်း ဖြေရှင်းနိုင်မည်မဟုတ်ဘဲ စိတ်ရှည်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် နိုင်ငံရေးအရ အဖြေရှာရန် လိုအပ်မှုတို့ နှင့် ပတ်သက်၍ ပြောကြားချက်အပေါ် အထူးကိုယ်စားလှယ်နှင့် အတူ အပြည့်အဝ သဘောတူပါကြောင်း၊ ပြင်ပမှ လွန်စွာဖိအားပေးသည့် နိုင်ငံရေးအာဂျင်ဒါများသည် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို ပိုမိုဆိုးရွားစေပြီး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိုခိုက်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပဋိပက္ခများတွင် လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်တို့နှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းတို့ကိုလည်း ပြောကြားခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးနည်းလမ်းဖြင့် တည်ထောင်နိုင်မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု မြန်မာအစိုးရအနေဖြင့် ယုံကြည်ပြီး၊ တိုင်းရင်းသားနှင့် လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံမူများချမှတ်ရာတွင် သဘောတူညီမှု ရရှိနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ၌ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိပြီး ကျင်းပခဲ့သည့် ညီလာခံ (၃)ကြိမ်၌ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ်၏ အစိတ်အပိုင်း ဖြစ်လာမည့် အခြေခံမူ (၅၁) ချက်ကို ချမှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြား သည်။

ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးတို့အတွက် အခြေခံ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ဘင်္ဂလားဒေ့ရှ့်ဘက်သို့ ထွက်ပြေးသွားသူများ ဘေးကင်းပြီး၊ ဆန္ဒအလျောက် သိက္ခာရှိစွာနေရပ်သို့ ပြန်လည်လာရောက် နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကို ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ့်နှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ စိစစ်ပြီးသူများကို ပထမအသုတ်အဖြစ် ဇန်နဝါရီလကတည်းက ပြန်လည်လက်ခံရန် ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း နေရပ်စွန့်ခွာသူ ၆၀ဝ၀ကို ပြန်လည်လွှဲပြောင်းပေးမည်ဟု ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကြိုဆိုကြောင်း၊ အထွေထွေညီလာခံ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု ရက်သတ္တပတ် ကာလအတွင်း တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ကျင်းပခဲ့သည့် အလွတ်သဘော အစည်းအဝေးသို့ အတွင်းရေးမှူးချုပ်လည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ နေရပ်စွန့်ခွာသူများအရေးကို ဖြေရှင်းရန် အတွက် အချက်(၃)ချက်ကို သဘောတူညီခဲ့ကြောင်း၊ ယင်းအရ တတိယအကြိမ် ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို အောက်တိုဘာလ ၂၉ နှင့် ၃၀ ရက်များတွင် ဒါကာမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် အကူအညီများ ထပ်မံရရှိနိုင်ရန် အာဆီယံ ဒေသတွင်း မိတ်ဖက်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန် အပါအဝင် ဒေသတွင်း နိုင်ငံများ၏ အကူအညီများအတွက် ကျေးဇူးတင်ရှိပြီး၊ ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်အနက် (၈၁) ချက်ကို အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ တာဝန်ခံမှုနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို မကြာမီက ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းကော်မရှင်အနေဖြင့် အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၌ အလုပ်အကိုင် အခွင့်အလမ်းသစ်များကို အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ဆောင်ရွက်မှုများဖြင့် ပြီးခဲ့သည့်နှစ်များ အတွင်းက ဖော်ဆောင်ခဲ့ကြောင်း၊ တို့ကို အမြဲတမ်းကိုယ်စားလှယ်က ထည့်သွင်းရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိက ခွန်အားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုအောက်တွင် ပြည်သူများ၏ စည်းလုံးမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တက်ကြွစွာ ပါဝင်မှုတို့ဖြစ်ကြောင်း၊ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန် သန္နိဋ္ဌာန်ချထားပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နားလည်မှုနှင့် အပြန်အလှန် လေးစားမှုကို အခြေခံ၍ အပြုသဘောဆောင်စွာ ကူညီနိုင်ပါ ကြောင်း အမြဲတမ်းကိုယ်စားလှယ်က အလေးထားပြောကြားခဲ့သည်။

နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဌ၏ ရှင်းလင်းပြောကြားချက် အပေါ် တုံ့ပြန်ရာတွင် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက FFM ၏ ရိုးသားစစ်မှန်မှုသည် မေးခွန်းထုတ်စရာဖြစ်နေပြီး၊ စုံစမ်းစစ်ဆေးမှု နည်းလမ်းသည်လည်း အားနည်းချက်များစွာရှိကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိလူသားချင်း စာနာမှုအရေးကိစ္စသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အာဆာ အကြမ်းဖက် အုပ်စုက ရဲကင်းစခန်း (၃၀)နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းကို အစိုးရအနေဖြင့် အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ အာဆာ အကြမ်းဖက်များက လုံခြုံရေးတပ်ဖွဲ့များအပြင် ဟိန္ဒူရွာသားများ၊ အခြားလူမျိုးစုများနှင့် အစိုးရကို ထောက်ခံသည့် မူဆလင်များ အပါအဝင် အပြစ်မဲ့ပြည်သူ ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည့်အတွက် ထောင်နှင့်ချီသော အပြစ်မဲ့ ပြည်သူများမှာ ရခိုင်ပြည်နယ်ရှိ အခြားဒေသများသို့ ထွက်ပြေးခဲ့ရကြောင်း၊ အလားတူ မူဆလင် ထောင်ပေါင်းများစွာသည်လည်း တစ်ဖက်အိမ်နီးချင်း နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ယင်း ပဋိပက္ခသည် မူဆလင် အသိုက်အဝန်းတစ်ခုတည်းကိုသာ ထိခိုက်ခြင်း မဟုတ်သည်ကို သဘောပေါက် ကြရန်လိုအပ်ကြောင်း၊ လူ့အခွင့်အရေးဆိုပါက အသိုက်အဝန်းနှစ်ခုလုံး၏ လူ့အခွင့်အရေးကို ကြည့်ရန် လိုအပ်ကြောင်း၊ ထို့ပြင် FFM အနေဖြင့် အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများအား ပေါ်ပေါ်တင်တင် ထည့်သွင်း မစဉ်းစားသည်မှာ အံ့သြမိပါကြောင်း၊ မူဆလင် အကြမ်းဖက်သမားများကို အကာအကွယ် ပေးသည့် သဘောပင်ဆောင်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်နှင့် အခြားမည်သည့်ဒေသ၌မဆို ကျူးလွန် သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားကြောင်း ကိုထပ်လောင်းပြောကြားခဲ့ပြီး၊ လုံလောက်သည့် သက်သေ အထောက်အထားရှိပါက ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို မကြာမီက ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ကော်မရှင်သည် သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် တိကျမှန်ကန်မှု ‘မူ’များ ပေါ်တွင် ယင်း၏ လုပ်ငန်းများကို ထမ်းဆောင်မည်ဖြစ်ကြောင်း၊ ယင်းကော်မရှင် အနေဖြင့် အစီရင်ခံစာ ကို တစ်နှစ်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း၊ အမှန်အားဖြင့် အင်းဒင်ဖြစ်စဉ် ပေါ်ပေါက်ခဲ့မှုတွင်လည်း လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို ဖောက်ဖျက်လျက် ကျူးလွန်ခဲ့သည့် တပ်မတော်နှင့် ရဲဝန်ထမ်းများ အရပ်သားများကို ဥပဒေကြောင်းအရ အရေးယူထားပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး၏ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် ချမှတ်ခဲ့သည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပြတ်သားစွာ ပယ်ချခဲ့ကြောင်း၊ ရောမသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် ယင်းတရားရုံးအနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့မျှ တရားစီရင်ပိုင်ခွင့် မရှိကြောင်း၊ ယင်းဆုံးဖြတ်ချက်နှင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပုံနည်းလမ်းတို့သည် အစဉ်အလာ ကျင့်ထုံးတစ်ရပ် ဖြစ်သွားနိုင်ပြီး၊ နိုင်ငံအားလုံး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အတိအလင်း သတိပေးချက် တစ်ခုဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်တိုက်ဖျက်မှုများမှာ ‘လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်သည်’ဟု ကောက်ချက်ချသည့်အပေါ် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပြတ်သား စွာ ကန့်ကွက်ကြောင်း၊ ဥပဒေကြောင်းအရ အထောက်အထားမရှိသည့် သက်သေ မပြနိုင်သည့် အခြေအနေများကို မူတည်၍ ကောက်ချက်ချထားခြင်းဖြစ်ကြောင်း၊ အခြားအပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်း မစဉ်းစားဘဲ တာဝန်ခံမှုကိုသာ ရှေ့တန်းတင်နေခြင်းသည် အန္တရာယ်ရှိသည့် ကြိုးပမ်းမှုဖြစ်ပြီး၊ အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ FFM နှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံစာများသည် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေး၊ သဟဇာတနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အကူ မဖြစ်စေပါကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးတွင် စိတ်ရှည်မှုသည် လမ်းကြောင်းသွေဖီရန် နည်းလမ်းရှာနေသူများအတွက်သာ အကူအညီပေးနိုင်လိမ့်မည်” ဟူသော မစ္စတာ မာဇူကီး ဒါရုစ်မန် ၏ လွဲမှားစွာပြောကြားချက်ကို အမြဲတမ်းကိုယ်စားလှယ်က ထောက်ပြလျက်၊ ယင်းအချက်၏ ဆန့်ကျင်ဘက် သည်သာ မိမိတို့အတွက် မှန်ကန်ကြောင်း၊ ဒီမိုကရေစီကို တော်လှန်ရေးတစ်ရပ်ဖြင့် တည်ဆောက်နေခြင်း မဟုတ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် သဘောတူညီမှု ရရှိရေးမှတစ်ဆင့် ငြိမ်းချမ်းသည့်နည်းလမ်းကို ရွေးချယ်ခဲ့ပြီး၊ ကြီးမားသည့် စိတ်ရှည်မှုနှင့် နိုင်ငံရေး အမြော်အမြင်ရှိမှု လိုအပ်ကြောင်း၊ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကလည်း စိတ်ရှည်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေးမြှင့်တင်ရန် အလေးထားပြောကြားခဲ့ရာ မိမိတို့အနေဖြင့် ၎င်း၏ပြောကြားမှုကို အပြည့်အဝ သဘောတူညီကြောင်းနှင့် ယင်းသည် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြောင်း စသည်ဖြင့် ရှင်းလင်း တုံ့ပြန်ပြောကြားခဲ့သည်။