SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 28, 2021


(၂၈-၁၂-၂၀၂၁)ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ 

၂။       အဆိုပါလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲ နမူနာများအား ဆေးသုတေသနဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ တပ်မတော် ဆေးသုတေသနဌာနတို့မှ ဓာတ်ခွဲခန်းများအပြင် ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရည် ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ Omicron Real Time PCR Testing နည်းဖြင့်လည်းကောင်း၊ Genomic Sequencing Testing ဖြင့်လည်းကောင်း စစ်ဆေးစေခဲ့ပါသည်။

၃။      ထိုသို့စစ်ဆေးရာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာ(၃၀)ခုအား (၁၄-၁၂-၂၀၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ (၂၈-၁၂-၂၀၂၁)ရက်နေ့တွင်ရရှိသော စစ် ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာ နိုင်ငံသား (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ(၂၆)ခုတွင် SARS-CoV-2 Variant Delta ရောဂါပိုး တွေ့ရှိရပါသည်။

၄။      အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄)ဦးအနက် (၁)ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရပါ။ ယင်းပုဂ္ဂိုလ်(၄)ဦးစလုံးအား ကုသရေး စင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သော ကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း အဆိုပါပုဂ္ဂိုလ်(၄)ဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၅။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာ အပ်ပါသည်။