၁။ နိုင်ငံတော်အလံ

၁။ နိုင်ငံတော်အလံ၏ စံပြုအရွယ်အစား၊ အတိုင်းအတာနှင့် အရောင်အသွေးစသည်တို့မှာ အောက်ပါအတိုင်းဖြစ်သည် -

(က) နိုင်ငံတော်အလံ၏ စံပြုအရွယ်အစားသည် ထောင့်မှန်စတုဂံပုံဖြစ်ပြီး အလျား ၉ပေနှင့် အနံ ၆ပေဖြစ်သည်။

(ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ဖြစ်သည်။ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့မှာ အလံတော်၏ အနံဖြစ်သော ၆ပေကို သုံးပုံတစ်ပုံစီ အညီအမျှရှိရမည်။ ထို့ကြောင့် အရောင်တစ်ရောင်လျှင် ၂ပေစီ ရှိရမည်။

(ဂ)  (၁) အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ငါးခုပါသော ကြယ်ဖြူကြီး တစ်လုံး ရှိရ မည်။

(၂) ကြယ်ဖြူကြီး၏အပေါ် ကြယ်လက်တံသည် နိုင်ငံတော်အလံအလျား၏ ထက်ဝက်ဖြစ်သော ၄ပေ ၆လက်မ နှင့် တည့်တည့်နေရာတွင် ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။

(၃) ကြယ်၏ထိပ်မှ အလံ၏ အဝါရောင်အနားသတ်အထိ အကွာအဝေးနှင့် အနီရောင်အတွင်းရှိ အောက်ပိုင်း ကြယ် လက်တံနှစ်ခု၏ ထိပ်မှ အလံ၏ အနီရောင် အနားသတ်အထိ အကွာအဝေးတို့သည် ၁ပေစီ ရှိရမည်။

(၄) ကြယ်လက်တံထိပ်တစ်ခုနှင့် တစ်ခုသည် ၂ပေ ၇.၂လက်မစီ အကွာအဝေး တူညီရမည်။

၂။ နိုင်ငံတော်အလံတွင် အဝါရောင် အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြု ဖော်ညွှန်းခြင်းဖြစ်သည်။

၃။ အလံတော်၏ အရောင်များနှင့် ကြယ်၏ အဖြူရောင်တို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်သည် -

(က) အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ခ) အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်ခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ဃ) ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ဂရုဏာတရား ပြည့်ဝခြင်း နှင့် စွမ်းအင်နှင့် ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

ကိုးကားချက်။ ။ နိုင်ငံတော်အလံဥပဒေ

၂။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံပါရှိသည်။ အရွက်၁၄ရွက်စီ ပါဝင်သော သပြေခက်များသည် မြေပုံ၏တစ်ဖစ်တစ်ချက်စီတွင် ပါရှိသည်။

(ခ) သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲဘက်မှ ခြင်္သေ့သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်မှခြင်္သေ့သည် လက်ယာဘက်သို့ လည်းကောင်း မျက်နှာမူလျက်ရှိသည်။

(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော စာတန်းကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။ ပြည်ထောင်စုဟူသော စာတန်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင် လည်းကောင်း၊ သမ္မတဟူသော စာတန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံအောက်ရှိ အလယ်ဗဟိုတွင်လည်းကောင်း မြန်မာနိုင်ငံတော်ဟူသော စာတန်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်းထားရှိသည်။

(ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ထိပ်တွင် ကြယ်လက်တံငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။

(င) ကြယ်၏ တစ်ဖက်တစ်ချက်တွင် မြန်မာ့ပန်းပုံသဏ္ဍန်ပန်းခက်ပြား ရှိသည်။

ကိုးကားချက်။ ။ သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၁၇) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန

၃။ မြန်မာအမျိုးသားကိုယ်စားပြုပန်းနှင့် အပင်များ

 

ပိတောက်

ပရိဘောဂပစ္စည်းနှင့်ဒီဇိုင်းများပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် အပင်တစ်မျိုးဖြစ်သည့် ပိတောက်ပင်ကိုကြာရှည်ခံခြင်းနှင့် ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကိုယ်စားပြုသည့် အထိမ်းအမှတ်အနေဖြင့် သတ်မှတ်သုးစွဲခဲ့ပါသည်။ ရွှေရောင်အဆင်းရှိသည့် ပိတောက်ပန်းပွင့်များကိုလည်း နိုင်ငံတော်ကိုယ်စားပြု ပန်းတစ်မျိုးအဖြစ် ယူဆကြသည်။ ပိတောက်ပန်းပွင့်များသည် ငယ်ရွယ်တက်ကြွမှုရှိခြင်း၊ ပန်း၏ရနံ့သည်ကဗျာဆန်ခြင်းနှင့် ချစ်ခြင်းမေတ္တာများကို ကိုယ်စားပြုပြီး ပိတောက်ပင်သည်မူ ခွန်အားကြီးမားခြင်းတို့ကို ကိုယ်စားပြုပါသည်။ မြန်မာတို့၏ နှစ်သစ်ဖြစ်သော ဧပြီလတွင် ပွင့်လေ့ရှိပြီး နှစ်သစ်တွင်ပထမဦးဆုံးဖူးပွင့်သည့် ပန်းလည်းဖြစ်ပါသည်။

ကိုးကားချက်။ ။ ASEAN

၄။ မြန်မာ့အမျိုးသားရေးဂီတ

စောင်းကောက်သည် အမျိုးသားရေးဂီတတူရိယာတစ်မျိုးဖြစ်ပြီး စောင်းသံကိုရိုးရာဂီတသံစဉ်တစ်ခုအဖြစ် နိုင်ငံတော်အခမ်းအနား များတွင် တီးခတ်လေ့ရှိပါသည်။ လှေပုံသဏ္ဍာန်စောင်းအိုးကို သာယာသောအသံထွက်ပေါ်လာစေရန် သစ်မာဖြင့်ပြုလုပ်ရပြီး လေးကိုင်းသဏ္ဍန်စောင်းလည်တိုင်ကိုမူ ထနောင်းသားအမြစ်ဖြင့် ပြုလုပ်ထားပါသည်။


ကိုးကားချက်။ ။ Internet (Wiki and Go Myanmar Tour)