နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်


Ministry of Information/ Naypyitaw / May 09, 2025
image_latest


နေပြည်တော် မေ ၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲများနှင့်အတူ ကရင်မလင်နန်းတော်ရှိ Senate Place သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ကြည့်ရှုမည့် စင်မြင့်သို့ ရောက်ရှိကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် Army General Oleg Salukov ရောက်ရှိနေရာယူပြီး ကရင်မလင်နန်းတော်မျှော်စင်ရှိ နာရီစင်မှ ၁၀ နာရီ အချက်ပေးခေါင်းလောင်းထိုးသည်။ ယင်းနောက် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံတော်အလံနှင့် ရုရှားအောင်ပွဲနေ့အထိမ်းအမှတ်အလံတော်တို့အား အလေးပြုခြင်းကို ဆောင်ရွက်ကြသည်။

၎င်းနောက် ရုရှားကာကွယ်ရေးဝန်ကြီး Mr. Andrei Ramovich Belousov ရောက်ရှိပြီး အလေးပြုခြင်းကိုခံယူကာ စစ်ရေးပြတပ်ဖွဲ့အသီးသီးအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားရာ စစ်ရေးပြတပ်ဖွဲ့များမှ (Oora) (အောင်ပြီ) ဟု ၃ ကြိမ် ကြွေးကြော်ကြသည်။ ထို့နောက် မဟာမျိုးချစ်စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများနှင့် ရုရှားနိုင်ငံအတွက် အသက်စွန့်ခဲ့ကြသည့် သူရဲကောင်းများအား အောက်မေ့ဖွယ်ဂုဏ်ပြုသောအားဖြင့် ၁ မိနစ်ခန့် ငြိမ်သက်ကြသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်သေနာပတိချုပ် H.E.Mr. Vladimir Vladimirovich Putin က မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။ မိန့်ခွန်းပြောကြားပြီးနောက် စစ်ရေးပြတပ်ဖွဲ့များမှ (Oora) ဟု ၃ ကြိမ် ကြွေးကြော်ကြပြီး စစ်တီးဝိုင်းတပ်ဖွဲ့က ရုရှားနိုင်ငံတော်သီချင်း တီးမှုတ်ခြင်းနှင့် အမြောက်များ ပစ်ဖောက်ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် ရုရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သည့် နိုင်ငံတကာမှ စစ်ရေးပြတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ရေးပြတပ်ဖွဲ့များမှ စစ်သေနာပတိချုပ်အား လမ်းလျှောက်ချီတက်အလေးပြုကြသည်။ ထို့နောက် တင့်၊ သံချပ်ကာ၊ အမြောက်၊ လေကြောင်းရန်၊ မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးတပ်ဖွဲ့စသည့် ယန္တရားတပ်ဖွဲ့များမှ ချီတက်အလေးပြုခြင်းနှင့် လေတပ်မှ လေယာဉ်များဖြင့် ပျံသန်းအလေးပြုကြသည်။ ယင်းနောက် စစ်တီးဝိုင်းတပ်ဖွဲ့မှ ရုရှားအောင်ပွဲနေ့အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းအား သီဆို၍ ပြန်လည်ထွက်ခွာသည်။

အခမ်းအနားအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်သေနာပတိချုပ် H.E.Mr. Vladimir Vladimirovich Putin က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နိုင်ငံတကာစစ်ရေးပြတပ်ဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များအား နှုတ်ဆက်သည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများသည် ကရင်မလင်မြို့ရိုးအနီးရှိ အညတရစစ်သည်ဂူဗိမာန်သို့ လမ်းလျှောက်ထွက်ခွာကြပြီး မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ကရင်မလင်နန်းမြို့ရိုးအနီးရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိကြပြီး ပန်းစည်းချအလေးပြုကြသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများသည် ကရင်မလင်နန်းတော်ရှိသမ္မတပူတင်၏ ရုံးအဆောက်အဦသို့ ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ယနေ့တွင်ကျင်းပပြုလုပ်သည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ဖက်ဆစ်နာဇီ ဂျာမနီတို့၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရန် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအား ပါဝင်ဆင်နွဲခဲ့ရကြောင်း၊ ထိုသို့ပါဝင်ဆင်နွဲပြီးနောက် ၁၉၄၅ ခုနှစ်၊ မေလ ၉ ရက် နံနက်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ပြုလုပ်သည့် နာဇီဂျာမနီတို့၏ လက်နက်ချကြောင်းသဘောတူစာချုပ် (German Instrument of Surrender) ကို ချုပ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ဒုတိယကမ္ဘာစစ်ကြီးသည် အပြီးတိုင်ချုပ်ငြိမ်းသွားခဲ့ကြောင်း၊ ၁၉၄၅ ခုနှစ်၊ မေလ ၉ ရက် နံနက် ၂ နာရီခန့်တွင် ဆိုဗီယက်ပြည်ထောင်စုတွင် နေထိုင်ကြသောပြည်သူများသည် နာဇီဂျာမနီတို့၏ စစ်ရှုံးမှုကို သိရှိခဲ့ကြပြီး ယင်းနေ့ညနေပိုင်းတွင် မော်စကိုရင်ပြင်နီ၌ ဆိုဗီယက်ပြည်သူများသည် သီချင်းများ သီဆိုခြင်း၊ တူရိယာများ တီးမှုတ်၍ ကခုန်ခြင်း၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း၊ ထောင်ချီသောသေနတ်များအား မိုးပေါ်သို့ထောင်၍ ပစ်ခတ်မှုပေါင်း ၃၆ ချက်အား ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အောင်ပွဲနေ့အခမ်းအနားအား ပျော်ရွှင်မြူးတူးစွာ ကခုန်၍ ကျင်းပခဲ့ကြကြောင်း၊ ထို့ကြောင့် ဆိုဗီယက်ပြည်ထောင်စုသည် မေလ ၉ ရက်ကို အများပြည်သူရုံးပိတ်ရက်၊ ဖက်ဆစ်နာဇီဂျာမနီတို့အား အောင်နိုင်ခဲ့သည့် အောင်ပွဲနေ့ (Victory Day) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးနောက် ၂၀၀၅ ခုနှစ်၊ (၆၀) နှစ်မြောက် အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားမှစတင်၍ မေလ ၉ ရက်အောင်ပွဲနေ့ (Victory Day) သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ လူကြိုက်အများဆုံးသော အခမ်းအနားနှင့် အားလပ်ရက်တစ်ခုဖြစ်လာခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်း အနားများကိုလည်း ကျင်းပပြုလုပ်ကြကြောင်း၊ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားများတွင် နိုင်ငံအသီးသီးမှ စစ်ရေးပြတပ်ဖွဲ့များအနေဖြင့် ပါဝင်ချီတက်လေ့ရှိကြကြောင်း၊ ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာနိုင်ငံမှ စစ်ရေးပြတပ်ဖွဲ့ဝင်များသည်လည်း အခြားသောနိုင်ငံများမှ စစ်ရေးပြတပ်ဖွဲ့ဝင်များနှင့်အတူ ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ချီတက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများအတွက် အလုပ်ခေါ်ယူခြင်း

Ministry of Cooperatives and Rural Development / Posted on June 07, 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများတွင် အလုပ် ဝင်ရောက်လိုသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသား/သူများ ရှိပါက လျှောက်လွှာမိတ္တူနှင့် လိုအပ်သောအချက်အလက်များကို သင်တန်းရေးရာဌာနသို့ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်ပါသည်။

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)

Ministry of Information / Posted on June 10, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023