နောက်ခံသမိုင်းကြောင်း

၁။     ပဲခူးတိုင်းတွင်ယခင်က ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီ ခရိုင်၊ အင်းစိန်ခရိုင်၊ ပြည် ခရိုင်နှင့် တောင်ငူခရိုင်ဟူ၍ ခရိုင်(၆)ခု ပါဝင်ခဲ့ပါသည်။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှုစီမံကိန်းအရ ပြည်နယ်/တိုင်းနှင့်ခရိုင်များ သတ်မှတ်ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါ ခရိုင်(၆)ခရိုင်ဖြင့်ပင် ဆက်လက်တည်ရှိခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏(၂၉.၉.၁၉၆၅) ရက်စွဲဖြင့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်(၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင်ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မှော်ဘီမြို့ တွင် ခရိုင်ရုံးစိုက်ခဲ့ ပါသည်

၂။     ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၁၀.၁၉၆၅)ရက်စွဲဖြင့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့်လည်းကောင်း၊ (၄.၁၁.၁၉၆၅) ရက်စွဲဖြင့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်ကို မြို့နယ်(၈) မြို့နယ်ဖြင့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇)မြို့နယ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်း၍ ပဲခူးတိုင်းဟု သတ်မှတ်ခဲ့ရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉)မြို့နယ်ပါဝင်ခဲ့ပါသည်။

၃။     (၂၀.၆.၁၉၇၂)ရက်စွဲဖြင့် ပဲခူးတိုင်းအတွင်းမှ မှော်ဘီခရိုင်နှင့် ဟံသာဝတီခရိုင်တို့ကို ရန်ကုန် တိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ပဲခူးတိုင်းတွင် ခရိုင်(၄)ခရိုင်နှင့်မြို့နယ်(၂၈)မြို့နယ် ကျန်ရှိ ခဲ့ပါသည်။ ထို့နောက် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၃.၈.၁၉၇၂) ရက်စွဲဖြင့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့ပါသည်။ နိုင်ငံတော်ကောင်စီကာလတွင် ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၁အရ ပဲခူးတိုင်းသည် နိုင်ငံတော်၏ တိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။

၄။       နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် (၁၈.၁၀.၁၉၈၉) ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာ၌ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနှင့် တောင်ငူမြို့နယ်စု၊ သာယာဝတီမြို့နယ်စုဟူ၍ မြို့နယ်စု(၄)စု ပါဝင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၇.၁၀.၁၉၉၂) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုများ၏အမည်ကို ခရိုင်ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၄) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၄၂)မြို့၊ ရပ်ကွက်(၂၈၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၈)အုပ်စု၊ ကျေးရွာ (၆၄၉၅)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။

 

ရည်မှန်းချက်

၅။     ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှချမှတ်ထားသော ရည်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ စိုက်ပျိုးမှု၊ ဖြန့်ဖြူးမှု ရောင်းချမှု မရှိစေရေးနှင့် သုံးစွဲမှုများကို တားဆီးနှိမ်နင်ရေး၊ ကျေးလက်ဒေသနှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေ​ရေး စသည့် ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မူဝါဒ

၆။ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရင်ကြား စေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးစသည့် မူဝါဒ(၄)ရပ်ကို အခြေခံသည့် တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကိုရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မူဝါဒချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဖွဲ့စည်းပုံ

၇။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များ အရ "ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့" ကို ဝန်ကြီးချုပ်ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၇)ပါး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားရှိ ပါသည်-

  • ဦး၀င်းသိန်း

တိုင်းဒေသကြီး၀န်ကြီးချုပ်

  • ဗိုလ်မှူးကြီးလှမျိုးရွှေ

၀န်ကြီး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဌာန

  • ဦးညွန့်ရွှေ

၀န်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန

  • ဦးအောင်ဇော်နိုင်

၀န်ကြီး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန

  • ဒေါ်ညွန့်ညွန့်ဌေး

၀န်ကြီး၊ လူမှုရေး၀န်ကြီးဌာန

  • ဦးသန်း၀င်း

၀န်ကြီး၊စက်မှုလျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဌာန

  • ဒေါက်တာစောညို၀င်း

၀န်ကြီး၊ သယံဇာတ၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေး၀န်ကြီးဌာန

  • ဒေါ်နော်ပွယ်စေး

၀န်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီးဌာန

  • ဦးအုန်းမြင့်

တိုင်းဒေသကြီးဥပဒေချုပ်၊

  • ဦးခင်မောင်ဆန်း

အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့

 

http://bagoregion.gov.mm/