ကာကွယ်ရေးဝန်ကြီးဌာန

ကာကွယ်ရေးဝန်ကြီးဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်း

      ၁၉၃၅ ခု သြဂုတ်လ ၂ ရက်တွင် ၁၉၃၅ ခုနှစ် မြန်မာပြည်အက်ဥပဒေကို ဗြိတိသျှအစိုးရက အတည်ပြုထုတ်ပြန်ခဲ့၏။ ယင်းဥပဒေအရ ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုခံပြည်နယ်အဖြစ်မှခွဲထွက်ပြီး ဗြိတိသျှအင်ပါယာအတွင်း သီးခြားကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံအစိုးရကိုလည်း အိန္ဒိယနိုင်ငံမှ ခွဲထွက်သည့် ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ သီးခြားဖွဲ့စည်းခဲ့သည်။

        မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ်မှ နိုင်ငံတစ်နိုင်ငံအနေဖြင့် ခွဲထွက်ရန် စီစဉ်ဆောင်ရွက်နေစဉ်ကာလ ၁၉၃၀ ပြည့်နှစ်ခန့်တွင် ပြုပြင်တည်ထောင်ရေးဌာနကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဌာနဖွဲ့စည်းခဲ့ရသည်မှာ နောင်အခါ မြန်မာနိုင်ငံအစိုးရအဖြစ် ဖွဲ့စည်းတည်ထောင်ရာ၌ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက်စေဘဲ ဆက်လက်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ထိုဌာန၏ အဓိကကျသော လုပ်ငန်းတာဝန်တစ်ရပ်မှာ အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီးသည့်အချိန်တွင် မြန်မာနိုင်ငံ၌ သီးခြား လက်နက်ကိုင်စစ်တပ်ဖွဲ့စည်းရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ စီမံချက်ရေးဆွဲချမှတ်ရန်ဖြစ်သည်။

        အိန္ဒိယနိုင်ငံမှ ခွဲထွက်၍ သီးခြားမြန်မာနိုင်ငံအဖြစ်ရောက်ရှိပြီး မြန်မာနိုင်ငံအစိုးရဖွဲ့စည်းသည့်အခါ ဖော်ပြပါပြုပြင်တည်ထောင်ရေးဌာနကို ကာကွယ်ရေးဌာနဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပြုပြင်တည်ထောင်ရေးဆိုင်ရာ အတွင်းဝန်ကိုလည်း ကာကွယ်ရေးဌာနအတွင်းဝန်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ဤသို့ဖြင့် ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ မြန်မာနိုင်ငံအစိုးရ၊ ကာကွယ်ရေးဌာန စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့ပြီး ရန်ကုန်မြို့၊ အတွင်းဝန်များရုံးတွင် ဖွင့်လှစ်ခဲ့သည်။

         အခြားဌာနများတွင် မြန်မာအမျိုးသားများကို ဝန်ကြီးများခန့်အပ်၍ ကြီးကြပ်စီမံခန့်ခွဲစေခဲ့သော်လည်း အရေးကြီးသော ကာကွယ်ရေးဌာနတွင်မူ မြန်မာအမျိုးသားဝန်ကြီးမခန့်ဘဲ၊ ဘုရင်ခံ၊အတိုင်ပင်ခံအရာရှိများကို မြန်မာပြည်အက်ဥပဒေ အပိုဒ် ၇(၂) အရ၊ ၃ ယောက်ထက်မများခန့်၍ ဘုရင်ခံကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ် ခဲ့သည်။ အမည်အားဖြင့် ကာကွယ်ရေးဌာနဟုခေါ်သော်လည်း ထိုဌာနတွင် စီမံခန့်ခွဲခဲ့သော လုပ်ငန်းများမှာ တိုင်းပြည်ကာကွယ်ရေး၊ ခရစ်ယာန်ဂိုဏ်းများအုပ်ချုပ်ရေး၊ ရှမ်းစော်ဘွားများနယ်ပယ်၊ ရခိုင်တောင်တန်းဒေသ၊ ချင်းတောင်များဒေသ၊ ကချင်တောင်တန်းဒေသများ၊ ဆွန်မရဒေသ၊ တြိဂံနယ်ဒေသ၊ အထက်ချင်းတွင်း မြောက်ဖက် ဟူးကောင်း​တောင်ကြားဒေသ၊ သံလွင်နယ်တို့နှင့် အခြားမဖွံ့ဖြိုးသေးသော လူမျိုးများနေထိုင်သော ဒေသများ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေး၊ ဒင်္ဂါးနှင့် ငွေစက္ကူများ ထုတ်လုပ်ရေး၊ နိုင်ငံရေးနှင့် မြန်မာနိုင်ငံ အတွင်းရှိ မြန်မာပြည်အစိုးရက အုပ်ချုပ်ခြင်းမပြုနိုင်သေးသော ဒေသများနှင့် ဆက်ဆံရေးများ ပါဝင်ခဲ့သည်။ ဗြိတိသျှအင်ပါယာဝင် တိုင်းပြည်အသီးအသီးနှင့် ဆက်ဆံရေး၊ လွတ်လပ်သော အခြားတိုင်းပြည်များနှင့် ဆက်ဆံရေးအာဏာများကိုမူ ဗြိတိသျှဘုရင့်အစိုးရက တိုက်ရိုက်စီမံခန့်ခွဲခဲ့လေသည်။

        မြန်မာပြည်ကာကွယ်ရေးဌာနကို ၁၉၃၇ ခု ဧပြီလ ၁ရက်မှ စတင်ဖွင့်လှစ်ခဲ့သောအချိန်၌ မြန်မာပြည် ကြည်းတပ်မတော်တွင် သေနတ်ကိုင်တပ်ရင်း ၄ ရင်း၊ အရာရှိအရံတပ်ဖွဲ့ ၁ ခု၊ မြန်မာပြည်နယ်ခြားတပ်များ ၈ ရင်း၊ မြန်မာပြည်စစ်ပုလိပ်တပ်များ ၃ ရင်း၊ နယ်ခြားတပ်အနည်းငယ်နှင့် မြို့စောင့်တပ်တို့ရှိခဲ့သည်။ သေနတ်ကိုင်တပ်ရင်းများတွင် တောင်တန်းဒေသသားများကို အရာခံဗိုလ်များနှင့် စစ်သားများအဖြစ် ခန့်အပ်၍ မြန်မာလူမျိုး တစ်စုံတစ်ယောက်ကိုမျှ ခန့်အပ်ခြင်းမပြုခဲ့ချေ။ ၁၉၄၀ ပြည့်နှစ်လောက်တွင်မှ မြန်မာလူမျိုးထဲမှ ဆာမောင်ကြီးကို အတိုင်ပင်ခံအရာရှိကြီးအဖြစ် ခန့်ထားပြီးလျှင်၊ မြန်မာစစ်သားများသာ ပါဝင်သော မြန်မာတပ်စိတ်တစ်ခုလောက်ကို ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့၍ ထိုသူများကို အခြားတပ်ရင်းများတွင်လည်း အနည်းငယ်စီခွဲ၍ သွတ်သွင်းစမ်းသပ်ထားရန် မူအားဖြင့်သဘောတူခဲ့သည်။ သို့ရာတွင် ထိုအချိန်နှင့် မရှေးမနှောင်း၌ပင် အရှေ့ဖျားမှ ဂျပန်၏ရန်သည် နီးသည်ထက်နီးကပ်လာသဖြင့် ကြည်းတပ်မတော်ကို အပြင်းတိုးချဲ့ရန် ဆုံးဖြတ်ပြီးနောက် စစ်ရဲတပ်များ၊ နယ်ခြားတပ်များကို တပ်မတော်ခြေလျင်တပ်ရင်းများဖွဲ့၍ ရရှိနိုင်သမျှသော အရာရှိအရံ တပ်ဖွဲ့ဝင်များကို ခေါ်ယူပြီးလျှင် ထိုတပ်များတွင် အရာရှိများခန့်ထားကာ တနင်္သာရီတိုင်းမှ ဂျပန်၏ရန်ကို ခုခံစေခဲ့သည်။

        မြန်မာလူမျိုးတစ်ဦးကို ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိကြီးအဖြစ် ခန့်အပ်သည့်နှစ်၌ပင် မြန်မာပြည် အပျော်တမ်းရေတပ်အဖွဲ့နှင့် အပျော်တမ်းလေတပ်အဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် လေတပ်အဖွဲ့တွင် လေယာဉ်ပျံဟူ၍ ကိုယ်ပိုင်မရှိသေးဘဲ ရေတပ်အဖွဲ့တွင်သာ ကမ်းစောင့်သင်္ဘောငယ်ကလေး အနည်းငယ်လောက်နှင့် စတင်တည်ထောင်ခဲ့သည်။

      ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်မတော်နှင့်ပူးတွဲ၍ ယိုးဒယားနိုင်ငံကိုဖြတ်ကာ တနင်္သာရီမှ တရကြမ်းဝင်လာသောကြောင့် ရန်ကုန်မြို့တော်ရှိ ကာကွယ်ရေးဌာနနှင့်တကွ ကာကွယ်ရေး တပ်ဖွဲ့အသီးသီးတို့ကို ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် မေမြို့(ပြင်ဦးလွင်)မှတစ်ဆင့် အိန္ဒိယသို့ ပြောင်းရွှေ့သွားလေသည်။ ထိုဌာနအောက်ရှိ တပ်ဖွဲ့အသီးသီးတို့လည်း ဖရိုဖရဲပြိုကွဲပြီးသော် အချို့တပ်သားများ တပ်ဗိုလ်များမှာ အိန္ဒိယသို့ပါသွားကြ၍ အချို့မှာ မိမိတို့နေရပ်များသို့ ပြန်သွားနေထိုင်ကြသည်။

          ၁၉၄၂ ခုနှစ်၊ ဇွန်လအလယ်လောက်တွင် ကာကွယ်ရေးဌာနကို အိန္ဒိယပြည် ဆင်းမလားမြို့တွင် ပြန်လည်ဖွဲ့စည်း ရုံးထိုင်လေသည်။ ပြိုကွဲပျက်စီးလာသော ကြည်းတပ်ဖွဲ့အသီးအသီးကိုလည်း ပြန်လည်စုဆောင်းပြီးသော် မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်တိုက်ခိုက်နိုင်ရန် ကြိုးစားကြပြန်သည်။ ရေတပ်နှင့် လေတပ်အဖွဲ့ဝင် အရာရှိ၊ အရာခံများကိုမူ၊ အိန္ဒိယရေတပ်နှင့် ဗြိတိသျှဘုရင့်လေတပ်မတော်တို့တွင် အသီးသီးထည့်သွင်းပေးခဲ့သည်။

        ၁၉၄၅ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့တော်ကို ဗြိတိသျှတပ်များ ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေခဲ့သောကြောင့် ကာကွယ်ရေးဌာနကို ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် တွင်မှသာ ဆင်းမလားမြို့မှ ရန်ကုန်မြို့တော်ကို ပြောင်းရွှေ့ခဲ့လေသည်။

        မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် နိုင်ငံရေးအခြေအနေမှာ အထူးလှုပ်ရှားလျက်ရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းအား ပထမအကြိမ် မြန်မာလူမျိုးထဲမှ ဘုရင်ခံအတိုင်ပင်ခံ အရာရှိကြီးအဖြစ် ကာကွယ်ရေးဌာနတွင် ခန့်အပ်ခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်း ကာကွယ်ရေးအတိုင်ပင်ခံ အရာရှိကြီးအဖြစ် ဆောင်ရွက်နေစဉ် နိုင်ငံခြားရေးဌာနကို ခွဲထုတ်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။

        ကာကွယ်ရေးဌာနသည် ထိုအချိန်မှစ၍ တိုင်းပြည်ကာကွယ်ရေးကိစ္စများကို လုံးလုံးလျားလျား တာဝန်ယူပြီးလျှင် အနည်းငယ်ရှိသော ခရစ်ယာန်ဂိုဏ်းအုပ်ချုပ်ရေးကိစ္စများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခြင်းခံရ၍ ဗိုလ်မှူးချုပ် လက်ျာကို အတိုင်ပင်ခံအရာရှိကြီးအဖြစ် ခန့်အပ်ခဲ့သည်။

         ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် မြန်မာ့အပျော်တမ်းလေတပ်အဖွဲ့ကို မြန်မာ့လေတပ်မတော်ဟုလည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မြန်မာပြည်ဘုရင့်အပျော်တမ်းရေတပ်အဖွဲ့ကို မြန်မာ့ရေတပ်မတော်ဟုလည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရေတပ်မတော်တွင် ပထမဆုံးအလံတင်သင်္ဘောမှာ ယူဗွီအက်(စ်)မေယု စစ်သင်္ဘောဖြစ်သည်။

        ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် နိုင်ငံတော်အလံကို လွှင့်တင်ပြီးနောက် လွတ်လပ်ရေး ကြေညာသည့်နေ့မှစ၍ ၁၉၃၅ ခုနှစ်၊ မြန်မာပြည်အက်ဥပဒေသည် သက်တမ်းကုန်ဆုံးခဲ့ပြီးလျှင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကို ပြဋ္ဌာန်းကြေညာခဲ့လေသည်။

      ထိုနေ့မှစ၍ ကာကွယ်ရေးဌာနတွင် နိုင်ငံတော်ကာကွယ်ရေးကိစ္စတစ်ခုတည်းကိုသာ စီမံခန့်ခွဲခဲ့လေသည်။ မြန်မာကြည်းတပ်မတော်၊ မြန်မာရေတပ်မတော်၊ မြန်မာလေတပ်မတော်များသည် ပွင့်သစ်စပန်းများကဲ့သို့ ငွားငွားစွင့်စွင့် ကိုယ့်အလံ၊ ကိုယ့်တံဆိပ်များဖြင့် တလူလူထွက်ပေါ်လာတော့သည်။ မြန်မာကာကွယ်ရေးတပ်မတော် အသီးသီးတို့ကိုလည်း မြန်မာ့သားကောင်းရတနာများ ဦးစီးပြီးလျှင် နိုင်ငံတော်ကာကွယ်ရေး၊ တိုးတက်ရေး၊ ဖွံ့ဖြိုးရေး၊ သာယာရေးပန်းတိုင်များသို့ မြန်မာ့အလိုအတိုင်း ပြုပြင်ချဲ့ထွင်နိုင်ပေတော့သည်။ မြန်မာ့သား​ကောင်းရတနာများသည်လည်း ရှေးရှေးကကဲ့သို့ ဗြိတိသျှဘုရင့်အစိုးရ၏ အကျိုးကိုသာရှေ့ရှု၍ ကာကွယ်ခြင်းကိစ္စများမှကျွတ်လွတ်ပြီး ဖြစ်ရကား၊ ဇာတိသွေးဇာတိမာန် တက်လျှမ်းကာ အမျိုး၊ ဘာသာ၊ သာသနာများကို စောင့်ရှောက်ရန်တည်းဟူသော မွန်မြတ်သောဝတ္တရားများကို ထမ်းဆောင်ကြရတော့သည်။

        ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွက် လိုအပ်သော ဥပဒေများကို ပါလီမန်လွှတ်တော် ၂ ရပ်တွင် အများဆန္ဒအရရေးဆွဲလျက် စီမံခန့်ခွဲသည်။ အရေးကြီးသောကိစ္စအရပ်ရပ်များကို တစ်ဦးတည်းသောဘုရင်ခံ အမိန့်အစား အစိုးရဝန်ကြီးအဖွဲ့သို့တင်၍ အမိန့်များကိုနာခံကြသည်။

         ကာကွယ်ရေးဌာနအတွက် စီမံခန့်ခွဲရန် ကာကွယ်ရေးအတိုင်ပင်ခံအရာရှိအစား ကာကွယ်ရေးဝန်ကြီး ဟူ၍ ပထမအကြိမ်ပေါ်ပေါက်ခဲ့ပြီးယင်းဌာနအောက်တွင် ကြည်းတပ်မတော်ဌာနချုပ်၊ ရေတပ်မတော်ရုံး၊ လေတပ်မတော်ရုံးများ ထားရှိခဲ့လေသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဖွင့်လှစ်ခဲ့သည့် နေရာများ

        ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်တွင် ကာကွယ်ရေးဌာန၊ မြန်မာ့တပ်မတော်စစ်ဌာနချုပ်၊ မြန်မာ့ရေတပ်မတော်ဌာနချုပ်နှင့် မြန်မာ့လေတပ်မတော်ဌာနချုပ်တို့ကို စုစည်း၍ စစ်ရုံးကို ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်လက်ျာက ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရုံးနှင့် အမြဲတမ်းအတွင်းဝန်ရုံး တို့သည် ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ အမှတ် (၇၇)၊ စစ်ရုံးဝင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

         စစ်ရုံး၊ အမြဲတမ်းအတွင်းဝန်ဌာနသည် ၁၉၅၂ ခုနှစ်တွင် စစ်ရုံးမှ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံး အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ အတွင်းဝန်ရုံးတွင် ဌာနစု ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး အရာထမ်း ၁၀ ဦး၊ အမှုထမ်း ၁၃၅ ဦး၊ စုစုပေါင်းအင်အား ၁၄၅ ဦးဖြင့် ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။

       ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စစ်ရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနအဖြစ်သို့ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီးမှာ ဦးဗဆွေ ဖြစ်၏။ ထိုသို့ ပြန်လည်ဖွဲ့စည်းလိုက်သော ကာကွယ်ရေးဝန်ကြီးဌာနတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ အတွင်းဝန်ရုံး(ကာကွယ်ရေး)၊ စစ်ရာထူးခန့် အတွင်းဝန်ရုံး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး၊ ငွေစာရင်းရုံး(ကာကွယ်ရေး)များ ပါဝင်သည်။

        ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၆၀ ပြည့်နှစ်၊ မတ်လထိ အိမ်စောင့်အစိုးရကာလတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပြည်ထောင်စုပါတီ အစိုးရလက်ထက်တွင်လည်း ဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့၏။

   ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် တော်လှန်ရေးကောင်စီဥက္ကဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။

        ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကြေငြာချက် အမှတ် ၉၇ အရ အုပ်ချုပ်ရေးစနစ်သစ်ကိုဖော်ထုတ်ခဲ့ရာ ကာကွယ်ရေးဌာန၊ အတွင်းဝန်ရုံးကို ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ရုပ်သိမ်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအဖြစ် အဖွဲ့ခွဲ(၃)ခုဖြင့် ဖွဲ့စည်း၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့သည်။

       ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသည် ၁၉၄၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်၊ မေလ ၂၂ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၇၇ ၊ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်း တည်ရှိခဲ့ပြီး ၁၉၇၈ ခုနှစ်၊ မေလ ၂၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၄၄ ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နေရာဟောင်း အဆောက်အဦ (ယခု ယုဇနဂါးဒင်းဟိုတယ်)နေရာသို့ ရုံးနေရာပြောင်းရွေ့ခဲ့သည်။

       ၁၉၉၅ ခုနှစ်၊ မတ်လတွင် အဆိုပါရုံးနေရာမှ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းနှင့် မင်းကျောင်းလမ်းထောင့်ရှိ ခြံအမှတ် ၂၄ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး နေရာဟောင်း အဆောက်အဦသို့ ရုံးနေရာပြောင်းရွှေ့ခဲ့ပြီး အဆိုပါနေရာမှ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ နဝဒေးဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့သည်။

       ထို့နောက် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၌ နေပြည်တော် ရုံးအမှတ် ၂၀ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ရုံးအမှတ် ၂၄ သို့ ထပ်မံပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန် ပူးတွဲထမ်းဆောင်ခဲ့သည့်သူများ

       ဗိုလ်ချုပ်ကြီးနေဝင်းမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ ကာကွယ်ရေးဦးစီးချုပ်/တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသူ ၆ ဦးရှိပြီး ယင်း ၆ ဦးမှာ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ကြသည်။ ဖော်ပြပါကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ကြသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၆ ဦး၏ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများမှာ အောက်ပါအတိုင်းဖြစ်သည်-

စဉ်

အမည်

ကာလ

မှ

ထိ

ဗိုလ်ချုပ်ကြီး နေဝင်း

၂ - ၃ - ၁၉၆၂

၂၀ - ၄ - ၁၉၇၂

ဗိုလ်ချုပ်ကြီး စန်းယု

၂၁ - ၄ - ၁၉၇၂

၇ - ၃ - ၁၉၇၄

ဗိုလ်ချုပ်ကြီး တင်ဦး

၈ - ၃ - ၁၉၇၄

၆ - ၃ - ၁၉၇၆

ဗိုလ်ချုပ်ကြီး သူရကျော်ထင်

၇ - ၃ - ၁၉၇၆

၂၇ - ၇ - ၁၉၈၈

ဗိုလ်ချုပ်မှူးကြီး စောမောင်

၂၈ - ၇ - ၁၉၈၈

၁၉ - ၃ - ၁၉၉၂

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

၂၀ - ၃ - ၁၉၉၂

၂၉ - ၃ - ၂၀၁၁

 

ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ

       ကာကွယ်ရေးဝန်ကြီးဌာနသည် အခြားသောဝန်ကြီးဌာနများနှင့် ဖွဲ့စည်းပုံချင်းမတူဘဲ ကွဲပြားခြားနားလေသည်။ အခြားသောဝန်ကြီးဌာနများသည် ၎င်းတို့၏လက်အောက်ရှိ ဦးစီးဌာန၊ ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့များကို ဝန်ကြီးဌာန၏ လက်အောက်တွင်ထားရှိပြီး ဝန်ကြီးဌာနမှ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်သည်။

      ကာကွယ်ရေးဝန်ကြီးဌာနမှာမူ ဝန်ကြီးရုံး၊ ကြည်း၊ ရေ၊ လေ၊ ရေး၊ ထောက် စသည့် ဦးစီးရုံးများနှင့် လက်ရုံးဝန်ထမ်းညွှန်ကြားရေးမှူးရုံးများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် ပေါင်းစည်းဝန်ကြီးဌာနဖြစ်သည်။ ထို့အပြင် ဝန်ကြီးဌာနအတွင်းရှိ ဦးစီးရုံးများမှ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင်လည်း ရုံးအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြလေသည်။

     ၂၀၁၄ ခုနှစ်တွင် အစိုးရအုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံများကို ခေတ်နှင့်အညီ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အမြဲတမ်းအတွင်းဝန်ရုံးများ ဖွဲ့စည်းတာဝန်ပေးအပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၁၄)မှ အတည်ပြုခဲ့ပြီး အဆိုပါဖွဲ့စည်းပုံနှင့်အညီ ဝန်ကြီးရုံး၏ရုံးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူများ

စဉ်

အမည်

ကာလ

မှ

ထိ

ဗိုလ်လက်ျာ

၁-၈-၁၉၄၇

၁၃-၉-၁၉၄၈

ဦးနု

၁၄-၉-၁၉၄၈

၃-၄-၁၉၄၉

ဗိုလ်ချုပ် နေဝင်း

၄-၄-၁၉၄၉

၉-၉-၁၉၅၀

ဦးဝင်း

၁၈-၉-၁၉၅၀

၁၅-၃-၁၉၅၂

ဦးဗဆွေ

၁၆-၃-၁၉၅၂

၄-၆-၁၉၅၈

ဗိုလ်မှူး အောင်

၉-၆-၁၉၅၈

၂၈-၉-၁၉၅၈

ဗိုလ်ချုပ်ကြီး နေဝင်း

၂၉-၉-၁၉၅၈

၁၅-၃-၁၉၆၀

ဦးနု

၁၆-၃-၁၉၆၀

၂-၃-၁၉၆၂

ဗိုလ်ချုပ်ကြီး နေဝင်း

၃-၃-၁၉၆၂

၂၀-၄-၁၉၇၂

၁၀

ဗိုလ်ချုပ်ကြီး စန်းယု

၂၁-၄-၁၉၇၂

၇-၃-၁၉၇၄

၁၁

ဗိုလ်ချုပ်ကြီး တင်ဦး

၈-၃-၁၉၇၄

၆-၃-၁၉၇၆

၁၂

ဗိုလ်ချုပ်ကြီး သူရကျော်ထင်

၇-၃-၁၉၇၆

၂၇-၇-၁၉၈၈

၁၃

ဗိုလ်ချုပ်မှူးကြီး စောမောင်

၂၈-၇-၁၉၈၈

၁၉-၃-၁၉၉၂

၁၄

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

၂၀-၃-၁၉၉၂

၂၉-၃-၂၀၁၁

၁၅

ဒုတိယဗိုလ်ချုပ်ကြီး လှမင်း

၃၀-၃-၂၀၁၁

၇-၉-၂၀၁၂

၁၆

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်

၈-၉-၂၀၁၂

၁၂-၈-၂၀၁၅

၁၇

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း

၂၅-၈-၂၀၁၅

၁-၂-၂၀၂၁

  ၁၈

ဗိုလ်ချုပ်ကြီး မြထွန်းဦး

၂-၂-၂၀၂၁  ၂-၈-၂၀၂၃
  ၁၉ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း ၃-၈-၂၀၂၃ ယနေ့ထိ

 

Website လိပ်စာ

www.mod.gov.mm

ရရှိနိုင်သော ဝန်ဆောင်မှုများ

၁။ ရေဒီယိုအစီအစဉ် ထုတ်လွှင့်ပေးခြင်း